Skip to main content

နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိမည့် စီးပွားရေးဝန်းကျင်ကောင်းဖန်တီး

မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ INGO Peace တို့ ပူးပေါင်းကျင်းပသည့် မြန်မာ- ဂျပန်စီးပွားရေးဖိုရမ်ကို ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်) မြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အသိပေးဖိတ်ခေါ်ခဲ့သည်။

ဖိုရမ်တွင် နိုင်ငံတော်သမ္မတက “ယခုဖိုရမ်သည် မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် အထောက်အကူပြုမည့် အခြေခံကောင်းတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် လူငယ်အင်အား၊ လုပ်သားအင်အား စသည့်အားသာချက်များကို ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ၊ နည်းပညာစသည်တို့နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့် (Win-Win) စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနှင့်ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအကြောင်းကို နားလည်သိရှိမှုတို့ကြောင့် ယခုဖိုရမ်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဟုမျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမားသောဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည်။ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်းများပိုင်ဆိုင်ထားပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝသည့်ရေအရင်းအမြစ်နှင့် အလားအလာကောင်းသည့် မြေလွတ်မြေရိုင်းများစွာရှိသည်။ မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များသာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ရာသီသီးနှံများ အလွယ်တကူစိုက်ပျိုးနိုင်သည်။

နိုင်ငံ၏ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ သံမဏိထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများထုတ်လုပ်ရေး စသည့်လုပ်ငန်းများကို အားပေးဖိတ်ခေါ်လျက်ရှိသည်။ ထို့အပြင် ကုန်ကြမ်းခိုင်မာစွာရှိထားသည့် ရော်ဘာကိုအခြေခံသည့် အဆင့်မြင့်ရော်ဘာထုတ်လုပ်ရေး၊ တာယာနှင့်ပရိဘောဂ ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရန် ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့်မူဝါဒများ ပံ့ပိုးကူညီပေးရန် ဆောင်ရွက်လျက်ရှိရာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းများရှိသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် (၉) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၆၉ ဒသမ ၀၅၆ သန်းတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခု လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ခန့် လုပ်ငန်းများလည်ပတ်လျက်ရှိပြီး ဂျပန်နိုင်ငံသားပေါင်း ၁၅၀၀ ကျော် လာရောက်နေထိုင်လုပ်ကိုင်လျက်ရှိသည့်အတွက် နှစ်ဖက်လုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးအဆင်ပြေချောမွေ့လျက်ရှိပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင် အဓိကလိုအပ်သည့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို အလေးထားဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

သို့ဖြစ်ရာ ဖိုရမ်သို့တက်ရောက်လာကြသည့် ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည်ကို မြင်တွေ့ကြရပြီဖြစ်ရာ လက်ရှိစီးပွားရေးရင်းနှီးမြှုပ်နှံမှုအပြင် နိုင်ငံတော်အစိုးရက ထပ်မံဖိတ်ခေါ်ထားသော အလားအလာကောင်းများရှိပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ ပါဝင်လုပ်ကိုင်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည့် ခြေလှမ်းသစ်များကို စတင်လုပ်ကိုင်နိုင်ပြီဖြစ်ပါကြောင်း။ ။