Skip to main content

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှု သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် သြဂုတ် ၂၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင်လျှပ်စစ်သုံးယာဉ် (Electric Vehicle - EV) နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာပြုပြင် ထိန်းသိမ်းမှုနှင့် ပြစ်ချက်ရှာဖွေ နည်းသင်တန်း (၂/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးကကမ္ဘာကြီး၏ ရေရှည်တည်တံ့မှုကို ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများ၊ အပူချိန်မြင့်တက်လာမှုများစသော စိန်ခေါ်မှုများတွေ့ကြုံလာရပြီဖြစ်ရာ ကမ္ဘာ့လေထုလွှာအတွင်းသို့ လူသားများ၏ စွမ်းအင်အသုံးပြုမှုများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရေး နိုင်ငံတကာ၌ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ် လွှတ်မှုကင်းစင်ရေးကို ဦးတည် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

လျှပ်စစ်ကားကို ၁၈၃၂ ခုနှစ် တွင် စတင်တီထွင်ခဲ့ပြီး ၁၈၈၀ ပြည့်နှစ်တွင် လက်တွေ့ကျကျသုံးစွဲ လာခဲ့သော်လည်း ဘက်ထရီနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုများ အားနည်းခဲ့သဖြင့် လျှပ်စစ်ကားသုံးစွဲမှုများ မှေးမှိန်သွားခဲ့ရကြောင်း၊ ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း၊ ရုပ်ကြွင်းလောင်စာများ လျော့နည်း ရှားပါးလာမှု၊ စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာမှု၊ EV အကျိုးကျေးဇူးများကို သိရှိလာမှုများကြောင့် EV တစ်ခေတ်ဆန်းသစ်လာပြီး နိုင်ငံတကာတွင် EV သုံးစွဲမှုများ တစ်ရှိန်ထိုးမြင့်တက်လာသည်ကို တွေ့ရှိလာရပါကြောင်း၊ သို့ဖြစ်ရာ အခြားနိုင်ငံမှ EV သုံးစွဲသူများနည်းတူ နိုင်ငံတော်ရှိ ပြည်သူများ EV သုံးစွဲမှုမှ အကျိုးကျေးဇူးများကို ရရှိခံစားကြစေရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ EV နည်းပညာသင်တန်းများကို အရည်အသွေးပြည့်မီစွာဖွင့်လှစ်ကာ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းများအနေဖြင့် မိမိတို့၏ဌာနနှင့် လုပ်ငန်းခွင်များတွင် အကျိုးရှိစွာပြန်လည် အသုံးချရန်၊ ပြန့်ပွားစေရန်သာမက EV သုံးစွဲသည့် ပြည်သူများ၏ လက်ဝယ်အရောက် နည်းပညာများကို ဆက်လက်ဖြန့်ဝေပေးသွားရန် လိုအပ်ပါကြောင်းတိုက်တွန်း ပြောကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆရာများထံ ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီးသင်တန်းသားများ ကိုယ်စား စက်မှုဝန်ကြီးဌာနမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းသင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသားများနှင့်ပြင်ပ EV Workshop များမှ သင်တန်းသားများပါတက်ရောက်ခဲ့ပြီး ဩဂုတ် ၅ ရက်မှ ၂၃ ရက်အထိ တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်း သင်တန်းချိန် နာရီ ၉၀ ဖြင့် ပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်