နေပြည်တော် စက်တင်ဘာ ၂၈
တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အခြေအနေ
ယနေ့ညနေ ၃ နာရီခွဲတိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင် ၅၀ ခန့်နှင့် ဗင့်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် ညနေ ၃ နာရီခွဲတွင် မြောက်လတ္တီကျု ၁၇.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၈.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၇၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်နှုန်းခန့် ဖြစ်သည်။
နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဗင့်မြို့နှင့် ဒါနန်းမြို့တို့ကြား ဒုံဟွိုင်မြို့အနီးမှ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ ထိုမှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လာအိုနိုင်ငံကို အပူပိုင်း မုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကို လေဖိအားနည်းဆဲလ်အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ယနေ့ညနေမှ အောက်တိုဘာ ၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်း ပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။
မြန်မာ့အလင်း