Skip to main content

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေး

နေပြည်တော် စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက် တောင်သူဦးတင်ထွန်းအောင်၏ လယ်မြေဧက ၂၀ တွင် စိုက်ပျိုးထားသော ပေါ်ဆန်းမွှေး စပါးစိုက်ခင်း၊ နို့စားနွား၊ ကျွဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု၊ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနေမှုနှင့် တောင်သူဦးစိုးအောင်၏ ကောက်ညှင်းဆန်စိုက်ခင်းနှင့် ဥစားဘဲအကောင်ရေ ၆၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍနှစ်ရပ်ပါဝင်သည့် ပေါင်းစည်းလယ်ယာစနစ် ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေတိုးတက်ခံစားရနိုင်မှု၊ လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့် တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ်အသုံးပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ်ကို တောင်သူများတွင်ကျယ်စွာ အသုံးပြုဆောင်ရွက်ရန်ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပေတောကျေးရွာရှိ အလုံ ပိတ်အအေးခန်းစနစ်ဖြင့် မွေးမြူထားသည့် Pay Taw Farm Land Farm တွင် ဥစားကြက်ကောင်ရေ ၇၅၀၀၀ မွေးမြူထားရှိမှု၊ အလိုအလျောက် အစာကျွေးစနစ်၊ ဥကောက်စနစ်နှင့် ဈေးကွက်သို့ ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အကြံပြုဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ယနေ့ကျရောက်သည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တပ်ကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည့် ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်၍ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၅ ခုနှစ် World Rabies Day ဆောင်ပုဒ်ဖြစ်သည့် “ACT NOW: YOU, ME COMMUNITY” “ခွေးရူးရောဂါကင်းစင်ရေး၊ မနှေးအမြန်လက်တွဲပေး” နှင့် ပတ်သက်၍ အသိပညာ ပေး ဟောပြောဆွေးနွေးပြီး တာဝန်ရှိသူများ၏ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်