နေပြည်တော် ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပျံချီတက်ကျေးရွာရှိနေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကိုလည်း ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဩဂုတ် ၂၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပေါင်းတည်မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဩဂုတ် ၂၀ ရက်နေ့က ပျံချီတက်ကျေးရွာအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း ၎င်းကျေးရွာမှနေအိမ်များ၊ ကားနှင့်ဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သုံးအိမ်စုကျေးရွာနှင့် ရှားတောကျေးရွာတို့ကို ဩဂုတ် ၂၀ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၂၀ ရက်နေ့က ရှားတောကျေးရွာအတွင်း အကြမ်းဖက်သမားများရောက်ရှိနေပြီး ဒေသခံပြည်သူများအား အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ရှားတောကျေးရွာအတွင်းရောက်ရှိနေသည့် အကြမ်းဖက်သမားများကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများစွာဖြင့် အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ လိုက်လံတိုက်ခိုက်ခြင်းမရှိစေရန်အတွက် ရှားတောကျေးရွာမှနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ၎င်းတို့ထံမှ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ သေနတ် ၄ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သည့် မြို့ရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်းစသည့် ဖြစ်စဉ်ဖြစ်ရပ်များ မှန်ကန်မှုမရှိဘဲ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကိုသာ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။