Skip to main content

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ Polycarbonate တပ်ဆင်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက်ဆရာတော် VAN SHICHANG ZANG မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက် ပတ်လည်ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပသည်။

ဦးစွာ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့က လုံခြုံရေးမှန်ကာရံ၍ ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင်လှူဒါန်းထားမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်သံဃာတော်များ၊ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့အဖွဲ့ဝင် ဦးအောင်မြတ်က လုပ်ငန်းဆောင်ရွက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလျှောက်ထားပြီး လင်ကွမ်းစီကျောင်းတိုက်ဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ဝမ်းသာပီတိစကား မိန့်ကြားတော်မူသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးအေးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံပူးပေါင်း၍ ချစ်ကြည်ရင်းနှီးစွာ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်လှူဒါန်းမှုဖြစ်ခြင်းကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း လျှောက်ထားသည်။

ယင်းနောက် ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လင်ကွမ်းစီကျောင်းတိုက်ဆရာတော်က ဘဏ္ဍာတော်တိုက်အသစ် ဆောက်လုပ်ရန်အတွက် အလှူငွေ ယွမ် ၁၀၀၀၀ ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသံဃမဟာ နာယအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂ သာမိထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်ကြီးများအား စေတီတော်ရင်ပြင် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်