Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စိုက်ပျိုးရေးဦးစီးဌာန (ရန်ကုန်)သီးနှံကာကွယ်ရေးဌာနခွဲ ဝန်ထမ်းများနှင့်တွေ့ဆုံ

ရန်ကုန် စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲတွင် တာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေးပညာရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံကာကွယ်ရေးဌာနအနေဖြင့် ခေတ်မီသီးနှံကာကွယ်ရေးနည်းစနစ်များကို သုံးစွဲရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ ဓာတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး၊ စားသုံးသူများနှင့် အသုံးပြုသူများ၏ ကျန်းမာရေးထိခိုက်မှုများမရှိစေရန် တောင်သူများတက်ကြွစွာပါဝင်သော ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ဖြင့် အခြေခံဆောင်ရွက်ရန်နှင့် တောင်သူလယ်သမားများအား အသိပညာပေးခြင်း နည်းပညာဖြန့်ဝေခြင်းကို ထိရောက်စွာဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး စနစ်များတိကျစွာဆောင်ရွက်ပေးရန်၊ သီးနှံများတင်ပို့ခြင်း တင်သွင်းခြင်းလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ သီးနှံကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်းဖြန့်ဖြူးခြင်းဖြစ်စေရန် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အထူးကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း။

ဖြည့်စွက်ဆွေးနွေး

စိုက်ပျိုးရေးလုပ်ငန်းတွင် အလွန်အရေးကြီးသော မျိုး၊ မြေ၊ ရေ၊ နည်းပညာလုပ်ငန်းများ စီမံဆောင်ရွက်ပေးရာတွင်လည်း မျိုးစေ့ဆိုင်ရာ နည်းပညာ၊ မြေဆီလွှာဆိုင်ရာ နည်းပညာ၊ ရေစီမံခန့်ခွဲမှုနည်းပညာများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မျိုးစေ့ကဏ္ဍတွင်လည်း တောင်သူလယ်သမား ကိုယ်တိုင် အရည်အသွေးပြည့်မီသော မျိုးစေ့များထုတ်လုပ် သုံးစွဲနိုင်ကြစေရန် ဌာနပညာရှင်များက မျိုးစေ့နည်းပညာနှင့် တောင်သူ၏ အခက်အခဲများကို အတူဖြေရှင်းပေးခြင်း၊ လယ်သမားများ နားလည်အောင် လက်တွေ့နည်းပညာပေးခြင်း မျိုးစေ့ထုတ် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေး ပညာရှင်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်