နေပြည်တော် ဇူလိုင် ၁၈
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားနိုင်သည့် PR အမျိုးအစားလေးမျိုးရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၇၅၁ ဦး ရှိပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် ၆၉၉ ဦးရှိပြီဖြစ်ကြောင်း၊ ဗဟိုကော်မတီက လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ ၃၃ ဦး၊ မိသားစုဝင်ရှစ်ဦး စုစုပေါင်း ၄၁ ဦး ရှိကြောင်း။
ယခုပြုလုပ်သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် မတ် ၈ ရက်က လုပ်ငန်းကော်မတီက ပဏာမစိစစ်ပြီးဖြစ်သည့် လျှောက်ထားသူ ၃၇ ဦးနှင့် မိသားစုဝင် ၁၄ ဦး စုစုပေါင်း ၅၁ ဦးကို ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးသပ် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ စိစစ်ဆောင်ရွက်ပြီးပါက ယခင်လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ ၃၃ ဦးနှင့် ယခုစိစစ်အတည်ပြု သူတို့ကိုလူကိုယ်တိုင်ခေါ်ယူ၍ ဗဟိုကော်မတီက လူတွေ့စစ်ဆေးအကဲဖြတ်မှုများကို ဆက်လက်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်များစွာ အထောက်အကူပြုသော်လည်း ဗဟိုကော်မတီဝင်များအနေဖြင့် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် သုံးသပ်အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်ကိုယ်စား တာဝန်ခံအရာရှိက လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် ၅၁ ဦး၏ ကိုယ်ရေးအချက်အလက်များနှင့် အမှတ်ပေးစနစ်အရ လျှောက်ထားသူတစ်ဦးချင်းရရှိသည့် အမှတ်များ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှစိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက လျှောက်ထားသူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီခွင့်ပြုနိုင်ရေး ဝိုင်းဝန်းသုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဗဟိုကော်မတီက အတည်ပြုပြီးသူများကို လူတွေ့ စစ်ဆေးအကဲဖြတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့်မပြုသည့်အတွက် နိုင်ငံတော်၏အကျိုး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏အကျိုးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်လျက် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုးဖြင့် PR လျှောက်ထားသူများကို စိစစ်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်