ရန်ကုန် စက်တင်ဘာ ၂၉
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၆) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသည့် သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး သင်တန်းကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်နှင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကို ရှေးရှု၍ ပြည်သူကို အလုပ်အကျွေးပြုရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၆) သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၃၂ ဦး၊ သင်တန်းသူ ၂၄၄ ဦး စုစုပေါင်း ၃၇၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်