နေပြည်တော် ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခန္တီးမြို့နယ်အတွင်းရှိ ပေါမိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)၊ ဇီးဖြူကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း)၊ နာဂရိုးရာကွင်း၊ ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ နှစ်ချင်းခရစ်ယာန်အသင်းတော် ခရစ်ယာန်ကျောင်း၊ ဆင်သေကျေးရွာ၊ အမှတ် (၄) ရပ်ကွက်နှင့် နန်းမုံကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။