Skip to main content

မြင်းခြံမြို့၌ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခြင်း ဆောင်ရွက်

မြင်းခြံ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ‌ရေဘေးသင့် အိမ်ထောင်စုများအား ကူညီပြောင်းရွှေ့ပေးခြင်းကို ယမန်နေ့ ညနေအချိန်မှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစ်ရေဝင်ရောက်သည့် အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၁) ရပ်ကွက်၊ အမှတ် (၁၂) ရပ်ကွက်၊ အမှတ် (၁၄) ရပ်ကွက်နှင့် မြင်းခြံမြို့နယ် အေးရွာကျေးရွာတို့မှ ရေဘေးသင့် အိမ်ထောင်စု (၃၂၇) စု၊ လူဦးရေ (၁၂၆၃) ဦးတို့အား ‌ရေလွတ်ရာနေရာအသီးသီးသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀) ဦးတို့ဖြင့် ကူညီရွှေ့ပြောင်းခဲ့ကြသည်။

မြင်းခြံမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၁၂၅၈) စင်တီမီတာဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၁၁၉၅) စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ရှိရန် (၆၃) စင်တီမီတာလိုကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာပါက မြင်းခြံ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရန်သင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)