Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Magnetic Nut Setter အခု ၂၅၀၀၊ GL Lead Acid Battery ၁၇၂ လုံး အပါအဝင် ကုန်ပစ္စည်းလေးမျိုး၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၉၅၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၁၂ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိခရိုင် ဥတ္တရသီရိမြို့နယ်၌ တရားမဝင် အခြားသစ် ၂ ဒသမ ၇၂၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၅၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan AD Van မော်တော်ယာဉ်တစ်စီး၊ Toyota Ipsum မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၁၃ရက်တွင် မုံရွာမြို့နယ်အတွင်း၌ လိုင်စင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၉ ဒသမ ၃၃၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆၄၂၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး(ဝဲပုံ) အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၅၈၀၂၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသတင်းရရှိသည်။

သတင်းစဉ်