Skip to main content

မိုးရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း စဉ့်ကိုင်မြို့နယ် မြစ်ငယ်နှင့် ပလိပ်ဘူတာအကြား ရထားလမ်းထူးပေါက်မှုဖြစ်ပွား

နေပြည်တော် ဇူလိုင် ၁၃

ဒုဋ္ဌဝတီမြစ်ရေကြီးနေကြောင်း သိရသဖြင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း စဉ့်ကိုင်မြို့နယ် မြစ်ငယ်နှင့်ပလိပ်ဘူတာအကြား သွားရောက်စစ်ဆေးခဲ့ရာ မိုင်တိုင်အမှတ် ၃၇၅/၁၀-၁၂ တွင် အလျား ၁၀ ပေ နှင့် အနံရှစ်ပေခန့် ရထားလမ်းတာပေါင်ထူးပေါက်ပြီး ရေဝင်ရောက်စီးဆင်းနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းနေရာ၌ ရထားများ ဖြတ်သန်းခုတ်မောင်းရန် အန္တရာယ်ရှိသဖြင့် အဆိုပါအစုန်/အဆန်ရထား လမ်းပိုင်းများကို ခေတ္တပိတ်ထားခဲ့ရသည်။

ရထားလမ်းထူးပေါက်ရေကျော်မှုဖြစ်ပွားရာနေရာသို့ လမ်းပိုင်းအချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများနှင့် လုပ်သား ၄၀ တို့သည် အချိန်နှင့်တစ်ပြေးညီရောက်ရှိခဲ့ပြီး ကျောက်ရထားနှင့် သံလမ်းပြေးRCGယာဉ်များ အသုံးပြု၍ ကျောက်ကြီး ၃၅ ကျင်း၊ ကျောက်မှုန့်အိတ် ၃၀၀ နှင့် သဲအိတ် ၁၀၀ အိတ်တို့ကို ဖြစ်ပွားရာနေရာသို့ ပို့ဆောင်ပေးခြင်း၊ အဆိုပါကျောက်ကြီးများ၊ ကျောက်မှုန့်နှင့် သဲအိတ်များ အသုံးပြု၍ ထူးပေါက်များဖာခြင်း၊ သစ်သားဇလီဖားနှင့် ကွန်ကရစ်ဇလီဖားတုံးများ အသုံးပြု၍ ထူးပေါက်နေရာ၌ ဖားထပ်ခွေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ အဆန်လမ်းကို ယင်းနေ့ ည ၁၀ နာရီ ၂ မိနစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရန်ကုန်-မန္တလေး ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသော လူစီးရထားများ ကြန့်ကြာမှုမရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အစုန်လမ်းကိုလည်း ထပ်မံပြုပြင်ခဲ့ရာ ယနေ့ ညနေ ၄ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားများ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်