Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီး ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား အခြားသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်းတွေ့ဆုံသည်။

အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန်မွန်းတည့် ၁၂ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့်လည်းကောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုဟာမတ်ဟာဆန်မာမွတ်နှင့်လည်းကောင်း နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ သီးခြားစီတွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပြီး ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေးအပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာ - ဘင်္ဂလားဒေ့ရှ်ကုန်သည်ကြီးများ အသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးနှစ်ဦးသည် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်