Skip to main content

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၃

KNPP KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ sလူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ်အတွင်း၌လည်း အများပြည်သူများ အစုလိုက်၊ အပြုံလိုက်သေကျေ ဒဏ်ရာရရှိစေလိုသော ယုတ်မာရက်စက်သည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရသည်။

အလားတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့၌ KNPP KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းအချို့နှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူအချို့တို့အား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ကြသကဲ့သို့ ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်၊ စခန်းများအား ဇန်နဝါရီ ၂၆ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်များ၊ ဈေးများနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူနေအိမ်အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦများအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော်လမ်းကြောင်း(၄၂)မိုင်အား မေလ ၂၉ ရက်တွင် ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ (၈၇) ကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းမှ လွိုင်ကော်မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောင့်ယှက်မှုပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ်တောရပ်ကွက်တို့အား ဇွန်လ ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ခဲ့ပြီး ထိုသို့ဆောင်ရွက်ပြီးချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည့် မြို့၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းကို ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် လွိုင်ကော်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် နေရာများအား ဇွန် ၁၆ ရက်မှစ၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ နာနတ်တောရပ်ကွက်၊ နောင်ယား(က)ရပ်ကွက်၊ တေးငှားလျားရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဉ်ကျေးမှုပြတိုက်၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ်အဆင့်ဝန်ကြီးဌာနရုံးများနှင့် အရေးကြီးအဆောက်အဦများ၊ လွိုင်ကော်လေဆိပ်အပါအဝင် ဇူလိုင် ၁၁ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်တစ်ခုလုံးကိုလည်း ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ကာ လွိုင်ကော်မြို့အတွင်းရှိ စာသင်ကျောင်းများအနက် အချို့သောကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းနှင့် တက္ကသိုလ်များ၊ စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိစဉ် မြို့ရွာများအား ထိခိုက်ပျက်စီးစေလိုသည့် အကြမ်းဖက်သမားများအနေဖြင့် ဇူလိုင် ၄ ရက်ကလည်း လွိုင်ကော်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ်(က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်းဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ပြီးသည့်အချိန်၌ ဒေသခံပြည်သူများအပါအဝင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ကို အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်တို့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယခုအခါ ကယားပြည်နယ်၊ လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီဖြစ်ကြောင်းနှင့် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။