နေပြည်တော် ဇူလိုင် ၁၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အပါအဝင် မြို့နယ် ၆ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အပါအဝင် မြို့နယ် ၅ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အပါအဝင်မြို့နယ်(၃)မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အပါအဝင် မြို့နယ် ၁၄ မြို့နယ်တို့ရှိအခြေခံပညာကျောင်းများ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌လည်းကောင်း စာသင်ကျောင်းများ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။