နေပြည်တော် ဇူလိုင် ၁၂
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ (Human Resources) သည် အဓိကအခန်း ကဏ္ဍတွင်ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို “ပညာ”အပေါ်အဓိက မူတည်တည်ဆောက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်း မိသားစုဝင်များမှ ထူးချွန်ထက်မြက်သည့် ပညာတတ်အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအားထူးချွန်သည့် ဘာသာရပ်အလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပြောင်းလဲလာသည့် ပညာရေးရေစီးကြောင်းနှင့်အညီ လိုက်ပါနိုင်အောင် အစဉ်ကြိုးစားသင်ယူနေရမည် ဖြစ်ပါကြောင်း၊ မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံနှင့်ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပြီး အနာဂတ်နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံတော်၏ဂုဏ်ကို ထွန်းလင်းတောက်ပစေသည့် အနာဂတ်လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက လေးဘာသာနှင့် သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအားလည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအားလည်းကောင်း ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများပေးအပ်ချီးမြှင့်ကြရာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်