တာချီလိတ် ဇူလိုင် ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်များသည် တိုင်းပြည်၏အနာဂတ်များဖြစ်၍ နိုင်ငံကို တစ်ဖက်တစ်လမ်းမှအကျိုးပြုသည့် နိုင်ငံ့သားကောင်းရတနာများ ပြန်လည်ဖြစ်ပေါ်လာစေရေးရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများဖြင့် လေ့ကျင့်ပျိုးထောင်ပေးရခြင်းဖြစ်ကြောင်း၊ စနစ်တကျလေ့ကျင့်ပေးခြင်းဖြစ်၍ မိမိတို့၏ မိသားစု၊ ရပ်ရွာ အသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့လာပြီး တန်ဖိုး ရှိသော လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖြစ်ထွန်းလာရေး ကြိုးစားလိုက်နာသင်ကြားကြရန်လိုကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်မြို့ မြို့မိမြို့ဖများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရနှင့် အလှူရှင်များက လှူဒါန်းငွေနှင့် လှူဒါန်းပစ္စည်းများကို ပေးအပ်လှူဒါန်းရာ စခန်းမှတာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တပ်မတော်အရာရှိကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများ၏လိုအပ်ချက်၊ အကြံပြုချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (တာချီလိတ်) သို့ သွားရောက်၍ သင်တန်းသား အိပ်ဆောင်၊ သင်တန်းခန်းမ၊ ဆေးပေးခန်းနှင့် အားကစားပြုလုပ်ရန် နေရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်တွေ့ဆုံကာ သင်တန်းကျောင်း၏ လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်