နေပြည်တော် ဇူလိုင် ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် ၁၆ အတွင်းကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ပျဉ်းကတိုးပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ စသည့်ပျိုးပင် ၁၅၀၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေပြီး ရာသီဥတုမျှတသာယာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာရရှိစေသည့်အတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတဝန်းတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲ ၁၅၀၂ ကြိမ် ပျိုးပင်ပေါင်း ၁,၀၈၈,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်