ရန်ကုန် ဇူလိုင် ၁၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများ၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံ များမှ HR မန်နေဂျာများနှင့် တာဝန်ခံကြီးကြပ်သူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေး၍ အလုပ်ခန့်ထားပေးခြင်း၊ လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပိုအခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြုစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာတာဝန်ခံခန့်အပ်စေခြင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းစေရန် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) များဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်ပေးနေသည့်အပြင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို စည်းကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်းစနစ်တကျရှိစေရေး ကြီးကြပ်ဆောင် ရွက်လျက်ရှိပြီး ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့်ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ယူတာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက် စေရေးအတွက်စက်ရုံရှိ လူသားအရင်းအမြစ်များကို နေရာတကျအသုံးချ၍ လိုအပ်သည့်ထုတ်ကုန်များကို စံချိန်မီသတ်မှတ်ရက် အတွင်းထုတ်လုပ်ပေးရန်လိုကြောင်း၊ လုပ်သားများ၏သားသမီးများကို အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ မှန်ကန်သည့်အတွေးအခေါ်မြော်မြင်မှုများရရှိရေး ပြုစုပျိုးထောင်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ခံအရာရှိက အလုပ်သမားရေးရာ ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး နယ်မြေခံအလုပ် သမားရေးရာ အရာထမ်းများက စက်ရုံလုပ်သားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြကာ အချိန်မရွေးဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကိုပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံ (ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန်ရှိ Mayfair (Myanmar) Industry Co., Ltd၊ Dong Chen Handbag (Myanmar) Co., Ltd၊ Golden Island အထည်ချုပ် စက်ရုံနှင့် Yangon Xie Hui ဖိနပ်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားညှိနှိုင်း ဆောင်ရွက်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းနှီးစွာတွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်