Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက် မအူလေးပင်ကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးခြံအား ကြည့်ရှု

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံအတွင်းဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှုကာကွယ်နိုင်ရေး၊ သဲနုန်းအနည်ကျလျော့နည်းစေရေး အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးရာသီဇူလိုင်လသည် သစ်ပင်စိုက်ပျိုးသည့်လဖြစ်ပြီး “ဥတုရာသီတောကိုမှီ ဆိုသကဲ့သို့ သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းပါမှ သစ်တော ဖုံးလွှမ်းမှု ဂေဟစနစ်ကောင်းမွန်ပြီး လူသန်းပေါင်းများစွာလိုအပ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင် အစရှိသော သစ်တောထွက်ပစ္စည်း အမျိုးမျိုးရရှိနိုင်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်သွားမည်ဖြစ်ကြောင်း၊ တမံရေဝေ ရေလဲဧရိယာများတွင် သစ်ပင်သစ်တောများ ရှင်သန်ကြီးထွား၍ သစ်တောဂေဟစနစ် ကောင်းမွန်လာစေရေး ဆောင်ရွက်ခြင်းအားဖြင့် ဆည်၊ တာတမံများ သက်တမ်းရှည်ကြာစွာအကျိုးဖြစ်ထွန်း၍ စိုက်ပျိုးရေ၊ သောက်သုံးရေပြည့်ဝဖူလုံစွာ ပေးဝေနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံဝင်ရေလျော့နည်းခြင်းမှ ကာကွယ်နိုင်ရေး စသည့်အကျိုးကျေးဇူးများရရှိခံစားနိုင်ရေးအတွက်၊ သစ်တောသစ်ပင်များ ရှင်သန်ကြီးထွားနိုင်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူ လူထုမှဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ တွင် သစ်ပင်များကိုစိုက်ပျိုးကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် ရတနာတန်းဝင် ကျွန်း၊ တမာ၊ မန်ကျည်း စသည့် သစ်မျိုးသုံးမျိုး၊ အပင်ပေါင်း ၅၆၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု မအူလေးပင်ကျေးရွာတွင် လုပ်ငန်းရှင်ဦးထင်လင်း၏ ဇီဝဇိုးငှက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးရာခြံတာဝန်ခံက ဇီဝဇိုးငှက်များ မွေးမြူထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်