နေပြည်တော် ဇူလိုင် ၁၂
မြန်မာအီလက်ထရောနစ် မဲပေး စက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ရုံးချုပ်) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။
Myanmar Electronic Voting Machine (MEVM) စက် အသုံးပြုမဲပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုရှင်းလင်းလွယ်ကူပြီးစိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင်ရေး၊ စမ်းသပ်မဲပေးခဲ့သည့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ရွေးချယ်မဲပေးလိုသည့်ပါတီကို လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ရေး၊ ပယ်မဲများမရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်း မျိုးမရှိနိုင်တော့သည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ရေး၊ MEVM စက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးတို့ကို မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ရုံးချုပ်) မှ ဝန်ထမ်းများတက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်