Skip to main content

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကို ယခင်နှစ်ကလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍ တွေ့ကြုံခဲ့ရသည့်အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအပေါ်အခြေခံပြီး လိုအပ်ချက်များမရှိအောင် ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းကို အဓိကတာဝန်ယူဆောင်ရွက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းလုပ်ငန်းတာဝန်ခံများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ကြမည့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့လုပ်ငန်း ထူထောင်ပေးလိုက်သော လုပ်ငန်းရှင်များ၏လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ပြီး တိုးတက်အောင်မြင်မှုရှိအောင် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ကူညီပေးရန်နှင့် လုပ်ငန်းထူထောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော ဈေးကွက်ရရှိရေး၊ လုပ်ငန်းများ ထပ်မံတိုးချဲ့နိုင်ရေးတို့အတွက် MSME ချေးငွေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့မှ ချေးငွေရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဦးစီးမှူးများကိုလည်းကောင်း စီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ကြသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့်ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် သင်တန်းနည်းပြများသည် ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်