နေပြည်တော် ဇူလိုင် ၁၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဇူလိုင်လ ၁၁ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။