နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၇) ကြိမ်မြောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အဆိုပါအဖွဲ့ရုံး၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပျိုးပင်များကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များထံပေးအပ်ပြီး သတ်မှတ်နေရာ၌ ရတနာတန်းဝင် ကျွန်းပင်ကို စတင်စိုက်ပျိုးပေးသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အရာထမ်း၊ အမှုထမ်းများ သစ်ပင်စိုက်ပျိုးနေမှု၊ ယခင်နှစ်ကစိုက်ပျိုးခဲ့သော သစ်ပင်များမြေတောင်မြှောက်ခြင်း၊ မြေဆွေး ထည့်ခြင်းပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မဟော်ဂနီ၊ ပိတောက် စသော နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်