နေပြည်တော် ဇူလိုင် ၈
ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် ဒေါတမရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ) တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆန်၊ ဆီ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ ဆရာမကြီးများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ ဆရာမများအတွက် ဆန်၊ ဆီများကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ကျောင်းအုပ်ဆရာ ဆရာမကြီးများက လက်ခံယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းဝင်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်