Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

(၈ - ၇ - ၂၀၂၄)၊ ည (၆:၀၀) နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် (၂၅-၆-၂၀၂၄) ရက်နေ့မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါနေရာများတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြားများဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ရေး၊ လက်ဆေးရန်နေရာများထားရှိ၍ ရေနှင့်ဆပ်ပြာ အသင့်ထားရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင်ဈေးများမှတစ်ဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် (၈-၇-၂၀၂၄) ရက်နေ့၊ နံနက် (၆:၀၀) နာရီမှ ည (၆:၀၀) နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူလူနာသစ် (၆၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၆) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များသည့် မြို့နယ်များအနက် ဒေါပုံမြို့နယ်တွင် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရပြီး သာကေတမြို့နယ်တွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှု စတင်လျော့ကျလျက်ရှိကြောင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန