ဟိန်းထက်(ကြေးမုံ)
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကိုဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ အေးခဲပင်လယ်စာများကို ထုတ်လုပ်၍ ပြည်တွင်း ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနေသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ GRAND WYNN MANUFACTURING LTD. (Twin Brothers Seafood Cold Storage)မှ General Manager ဦးအောင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-
မေး။ ။ ဒီလုပ်ငန်း စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံ ကို သိပါရစေ။
ဖြေ။ ။ ၁၉၉၀ ပြည့်နှစ်မှာ စတင်လုပ်ကိုင်ပြီးတော့ Export နဲ့ Import လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။
မေး။ ။ ဒီလုပ်ငန်းကို ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်လည်း ရှင်းပြပေးပါ။
ဖြေ။ ။ ၁၉၉၀ ကျော်လောက်မှာ အစိုးရကနေပြီးတော့ ကုမ္ပဏီတွေကို မှတ်ပုံတင်ပေးလာတဲ့အခါ ကျွန်တော်တို့က ပြည်တွင်းက ထုတ်ကုန်တွေကို ပြည်ပကို တင်ပို့ပြီးတော့ နိုင်ငံခြားငွေရမယ်။ အဲဒီလို ရရှိလာတဲ့ နိုင်ငံခြားငွေနဲ့ ပြည်ပကကုန်တွေကို ပြန်လည်တင်သွင်းမယ်၊ စျေးကွက်ထဲမှာ ပြန်ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ အဓိကထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာတော့ ရေချို၊ ရေငန် ငါး၊ ပုစွန် အကုန်လုံးထုတ်လုပ်ပါတယ်။ ရေချိုငါးဆိုရင် အမျိုးအစားက ၁၈ မျိုးလောက်ရှိပါတယ်။ ရေငန်ငါးဆိုရင်လည်း ၁၂ မျိုးလောက်ရှိပါတယ်။ ပုစွန်က ခြောက်မျိုးလောက် ရှိပါတယ်။ အဲဒါတွေကို စားသုံးသူတွေရဲ့ လိုအပ်ချက်အရ၊ စျေးကွက်လိုအပ်ချက်အရ ပုံစံအမျိုးမျိုးနဲ့ အေးခဲပြီးတော့ ထုတ်လုပ်တာဖြစ်ပါတယ်။
မေး။ ။ တစ်ရက်ကို အေးခဲပင်လယ်စာ အရေအတွက် ဘယ်လောက် ထုတ်လုပ်ပါသလဲ။
ဖြေ။ ။ တစ်ရက်ကို ၁၆ တန် ထုတ်လုပ်ပါတယ်။
မေး။ ။ စျေးကွက်ကို ဖြန့်ချိတဲ့အခြေအနေလေးလည်း ရှင်းပြပေးပါ။
ဖြေ။ ။ စျေးကွက်ကတော့ နှစ်မျိုးရှိပါတယ်။ Export လည်း တင်ပို့တာရှိသလို ပြည်တွင်းမှာလည်း လုပ်ကိုင်ပါ တယ်။ ပြည်တွင်းမှာဆိုရင် City Mart တို့၊ Super Market တို့ စတဲ့နေရာတွေမှာ ပြည်တွင်းက စားသုံးသူတွေကိုလည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို စားသုံးနိုင်အောင် သန့်ရှင်းသပ်ရပ်မှုကို အဓိကထားပြီး စျေးကွက်ရဲ့ လိုအပ်ချက်အတိုင်း ထုတ်လုပ်ရောင်းချပေးတာဖြစ်ပါတယ်။
မေး။ ။ ကုန်ချောဖြစ်လာဖို့အတွက် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြပေးပါ။
ဖြေ။ ။ အဓိကကတော့ ကုန်ကြမ်းအရင်ရှာရတာပေါ့။ ကျွန်တော်တို့မှာ ညောင်တုန်းနဲ့ မအူပင်မှာ ဧက ၃၅၀ ကျော် မွေးမြူရေးကန်တွေ ရှိပါတယ်။ အဲဒီမှာတော့ မွေးမြူရေးငါးတွေဖြစ်တဲ့ ငါးကြင်း၊ ငါးမြစ်ချင်းခေါင်းပွ၊ ငါးတန်၊ တီလားဗီးယား၊ ငါးခုံးမ၊ ငါးပြေမ စသဖြင့် အစုံမွေးထားပါတယ်။ နောက်ပြီးတော့ သဘာဝငါးတွေကိုလည်း ဒိုင်တွေကနေ လိုက်လံဝယ်ယူပါတယ်။ ဒါကတော့ ကုန်ကြမ်းအပိုင်းပေါ့။ ကုန်ချောအဖြစ် ထုတ်လုပ်တဲ့နေရာမှာ ပုစွန်ဆိုရင် အခွံခွာမှာလား၊ မခွာဘူးလား စသဖြင့် ပုံစံအမျိုးမျိုးပေါ့။ ငါးဆိုရင်လည်း ခုတ်သားလား၊ အသားလွှာလား စသဖြင့် ပုံစံအမျိုးမျိုးကို ကျွန်တော်တို့စက်ရုံက ဝန်ထမ်းတွေက ထုတ်လုပ်ပေးပါတယ်။ အဲဒီလိုထုတ်လုပ်တဲ့နေရာမှာလည်း အစားအစာတွေ ဘေးကင်းလုံခြုံမှု(Safety)ရှိအောင်ထုတ်လုပ်ပြီး အေးခဲပြီးတော့မှ စျေးကွက်ကို ဖြန့်ဖြူးတာဖြစ်ပါတယ်။
မေး။ ။ ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့နေရာတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိကြုံတွေ့နေရတာတော့ အဓိကက Power Consumption လို့ခေါ်တဲ့ စွမ်းအင်သုံးစွဲမှုပေါ့။ အဲဒီစရိတ်က ထုတ်လုပ်မှုစရိတ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထက်မှာ ရှိနေပါတယ်။ အဲဒီစရိတ်က တက်လေလေစျေးကြီးလာ လေလေဖြစ်ပြီးတော့ ထုတ်ကုန်တွေ ပြန်ရောင်းတဲ့အခါမှာလည်း အခက်အခဲတွေ ရှိတယ်။ နောက်တစ်ချက်က Skilled Labour လို့ခေါ်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးလာမှုပါ။ အဲဒီအတွက် ရှိတဲ့လူနဲ့ တောင့်ခံပြီးတော့ ထိန်းထားပြီး ရှိတဲ့နည်းနဲ့ လုပ်ငန်းကို လည်ပတ်နေရပါတယ်။ နောက်ပြီးတော့ ကုန်ကြမ်းစျေးနှုန်းကလည်း တော်တော်တက်လာတဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲတွေဖြစ်လာတယ်။ ကျွန်တော်တို့အနေနဲ့လည်း စားသုံးသူတွေကို အားနာပါတယ်။ အရင်တုန်းက ကျပ် ၁၀၀၀ နဲ့ ရောင်းတဲ့ ပစ္စည်းက အခု ၃၀၀၀ လောက် ဖြစ်နေပြီ။ အဲဒီအတွက်အမြတ်က သိပ်မကျန်တော့ ဘူး။
မေး။ ။ အခုလက်ရှိ စက်ရုံမှာ လည်ပတ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းအရေ အတွက်ကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ ဒီစက်ရုံမှာ ဝန်ထမ်းက ၁၈၆ ဦး ရှိပါတယ်။ အဲဒီထဲမှာ အုပ်ချုပ်မှုက ၄၅ ဦး ရှိပြီးတော့ ကျန်တာတွေကတော့ ထုတ်လုပ်ရေး ဝန်ထမ်းတွေဖြစ်ပါတယ်။
မေး။ ။ MSME နဲ့ ပတ်သက်ပြီးတော့ ဒီလုပ်ငန်းကနေ နိုင်ငံတော် အတွက် တစ်ဖက်တစ်လမ်းကနေ ဘယ်လိုအထောက်အကူပြုပေးနေတယ်ဆိုတာ လည်း ရှင်းပြပေးပါ။
ဖြေ။ ။ အဓိကကတော့ Export ပေါ့။ ကျွန်တော်တို့က ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် နှစ်စဉ် အခွန်ဆောင်ပါတယ်။ နောက်တစ်ခုကတော့ Labour ပေါ့။ ကျွန်တော်တို့ဆီမှာ မွေးမြူရေးကန်ရော၊ စက်ရုံရော၊ ရုံးချုပ်ရောဆိုရင် လုပ်ကိုင်နေတဲ့ လုပ်သား ၅၀၀ နီးပါးကို အလုပ်အကိုင်အခွင့်အလမ်း တွေကို ဖန်တီးပေးထားပါတယ်။
မေး။ ။ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်ကြမယ့် လူငယ်တွေအတွက် အကြံပြုစကားလေးပြောကြားပေးပါ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်ပြီး ပြောရရင်တော့ လုပ်ငန်းလုပ်ချင်ရင် နောက်မတွန့်ပါနဲ့။ ရဲရဲသာလုပ်ပါ။ အခက်အခဲကတော့ တွေ့မှာပါပဲ။ တွေ့တဲ့ဟာကို ဖြစ်တဲ့နည်းနဲ့ ကျော်လွှားသွားပါ။ နောက်မဆုတ်ပါနဲ့။ အလုပ်ကြိုးစားပြီး မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင် အောင်မြင်မှုရမှာပါ။
မေး။ ။ အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ ကုမ္ပဏီက Export နဲ့ Import ကို တွဲပြီးလုပ်ကိုင်နေ တာဖြစ်ပါတယ်။ Export ကနေ နိုင်ငံခြားငွေရှာပေးတယ်။ နိုင်ငံတော်ကို သွင်းစရာ ရှိတာသွင်းတယ်။ Import ရခဲ့ရင် ပြန်သွင်းပြီးတော့ ပြည်တွင်းမှာ ပြန်ဖြန့်ပါတယ်။ အခုနောက်ပိုင်း Import အပိုင်းမှာ လိုင်စင်တွေက အခက်အခဲရှိလာပါတယ်။ ကန့်သတ်ချက်တွေလည်းရှိလာတယ်။ Import အပိုင်းမှာသာ အဆင်ပြေသွားရင် ပြည်တွင်းစျေးကွက်မှာ စျေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ဖြူးရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။