ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် (၂၅-၆-၂၀၂၄)ရက်နေ့မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားရာ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်များသို့ ကွင်းဆင်း၍ လူနာတွေ့ရှိရာနေရာသို့ ဦးတည်ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ (Case-Area Targeted Intervention)ဖြစ်သည့် လူနာများနေထိုင်ရာ နေအိမ်များသို့သွားရောက်၍ ကူးစက်မှုဖြစ်စဉ်များအား စစ်ဆေးမေးမြန်းစုံစမ်းခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ အနီးကပ်ထိတွေ့သူများကို Contact Treatment ပေးခြင်း၊ အနီးပတ်ဝန်းကျင်တွင် လူနာသစ်ရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများဝေခြင်း၊ အစားအစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများအား စနစ်တကျဆေးကုသမှုပေးလျက်ရှိပြီး လိုအပ်သောဆေးဝါးများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၇-၇-၂၀၂၄) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၄၄)ဦးရှိခဲ့ပြီး ၎င်းတို့အနက်နှစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်ပြီး ကျန် (၄၂) ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်ကြောင်း၊ လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းနှင့် (၆-၇-၂၀၂၄) ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ် (၆၃) ဦးရှိခဲ့သဖြင့် ယနေ့ (၇-၇-၂၀၂၄)ရက်နေ့တွင် လူနာသစ်တွေ့ရှိမှုဦးရေ ကျဆင်းလာကြောင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်များအရ တွေ့ရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်၍ လူနာသစ်ရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ဇူလိုင်လဆန်းပိုင်း အထူးသဖြင့် ဇူလိုင်လ (၄)ရက်နေ့မှ (၆)ရက်နေ့အတွင်း ဆေးရုံတက်လူနာများ မြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများသာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့်အတွက် အချိန်တိုအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအား အကောင်းဆုံးထိန်းချုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန