နေပြည်တော် ဇူလိုင် ၇
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေညီလာခံကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစီအစဉ်ပထမပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိမိတို့နိုင်ငံတွင် ရေချိုအရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း စိုက်ပျိုးရေလိုအပ်ချက်နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားလာခြင်းတို့ကို စိန်ခေါ်မှုများအဖြစ် ကြုံတွေ့ရလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲလာမှု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာပြီး မိုးခေါင်ခြင်း၊ မိုးနည်းခြင်း၊ လျှပ်တစ်ပြက်မိုးများခြင်းစသည့် အခြေအနေများသည် ရေလှောင်တမံကြီးများ၏ လုံခြုံစိတ်ချရမှုအပေါ် ခြိမ်းခြောက်မှုကဲ့သို့ရှုမြင်နိုင်ပါကြောင်း။
လက်ရှိ ရာသီဥတုဖြစ်စဉ်များသည် ပိုမိုပြီးဆိုးရွားလာသည့် အနေအထားဖြစ်ပြီး ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် သဘာဝရေအရင်းအမြစ်များ ထိခိုက်ပျက်စီးလာလျက်ရှိရာ စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ရေရှားပါးမှုဒဏ်နှင့် ရေကြီးနစ်မြုပ်မှုဒဏ်များကို ခံစားခဲ့ရပြီး အထွက်နှုန်းလျော့နည်းခြင်း၊ သီးနှံပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်မှုနှင့်အတူ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း။
သို့ဖြစ်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲရေလှောင်တမံကြီးများ၏ ကြံ့ခိုင်မှုရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရေရှည်အကျိုးပြုနိုင်ရေးအတွက် လိုအပ်သော Dam Safety လုပ်ငန်းများအပြင် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာရမည့် စိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးလာမှုကို တုံ့ပြန်ဖြေရှင်းနိုင်မည့် ရေရရှိရေးနည်းလမ်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ အပေါ်တွင်လည်း ဆက်လက်အလေးထားကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များကို ရွေးချယ်တင်မြှောက်ကြသည်။
အစီအစဉ် တတိယပိုင်းတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) မှ ဦးစီးမှူး ဒေါ်ဇာနည်မော်က "Climate Change Adaptation on Dam Safety" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချမ်းမြင့်သိန်းက "Man-aging the Utilization of Myit-nge River Basin Focused” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများဖတ်ကြားတင်သွင်းခဲ့ကြပြီး မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌအသစ် ဦးဗစ်တာက နှုတ်ခွန်းဆက်စကားနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် အထွေထွေညီလာခံတွင် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းနှင့် နည်းပညာရပ်ဆိုင်ရာများ ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ယခုညီလာခံကို ပဉ္စမအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစတင်ပြီး ကော်မတီရည်ရွယ်ချက်များ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေလှောင်တမံကြီးများ၏ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးစသည့်ကဏ္ဍများတွင် ရေရှည်လုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရန်တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်