မန္တလေး ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှကြီးမှူး၍ ၂၀၂၄ ခုနှစ် ရွှေမန်းမောင်မယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တက်ရောက်သည်။
အဆိုပါ ပြိုင်ပွဲ၌ ရွှေမန်းမောင် 70 Kg အထက် ပြိုင်ပွဲဝင် ၁၆ ဦး၊ ရွှေမန်းမောင် 70 Kg အောက် ပြိုင်ပွဲဝင် ၁၇ ဦး၊ Men's Athletic Physique ပြိုင်ပွဲဝင် ၂၇ ဦး၊ Men's Sports Physique (170 cm) အထက် ပြိုင်ပွဲဝင် ၂၂ ဦး၊ Men's Sports Physique (170 cm)အောက် ပြိုင်ပွဲဝင် ၁၄ ဦး၊ Women's Model Physique (160 cm) အထက်ပြိုင်ပွဲဝင်ခြောက်ဦး၊ Women's Model Physique (160 cm) အောက် ပြိုင်ပွဲဝင်ခြောက်ဦး၊ Women's Athletic Physique ပြိုင်ပွဲဝင် ငါးဦးနှင့် အလွတ်တန်းကာယဗလမောင်ပြိုင်ပွဲဝင် ငါးဦးတို့က သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ကိုယ်ဟန်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အလွတ်တန်းကာယဗလမောင်ပြိုင်ပွဲတွင် ရွှေမန်းမောင်ဆုရရှိသော မောင်ချမ်းမြေ့ထွန်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက Women's Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိသော မဝါဝါအောင်အား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်