Skip to main content

ဗန်းမော်မြို့တွင် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့က ထောက်ပံ့ပစ္စည်းများပေးအပ်

ဗန်းမော် ဇူလိုင် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့ကပေးပို့သော ထောက်ပံ့ ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေတဖြည်းဖြည်းမြှင့်တက်လာမှုကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများမှ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူများအား ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး၊ ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များက ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ အလက (၁)၊ မူလွန်(၃)၊ မူလွန် (၄) စသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သည့် အိမ်ထောင်စုဝင် (၇၄၃) စု၊ လူဦးရေ (၃၅၉၁) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ သွားတိုက်ဆေး (၇၄၃)ဘူး၊ သွားတိုက်တံ(၃၅၉၁)ချောင်း၊ ကာဘော်လစ်ဆပ်ပြာ(၇၄၃)ထောင့်နှင့် ၁၄ ရက်စာ ဆန်ရိက္ခာတို့ကိုလည်ကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ငါးသေတ္တာ (၃) ဗူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၂၆၁)စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀)စင်တီမီတာဖြစ်သောကြောင့် စိုးရိမ်းရေအမှတ်အထက်သို့ ၁၁၁ စင်တီမီတာ (၃)ပေခွဲခန့်ကျော်လွန်နေသေးကြောင်း သိရှိရသည်။

ရှိုးသီဟ(ပြန်/ဆက်)