Skip to main content

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ

ကျုံပျော် ဇူလိုင် ၇

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန်ပညာရှာမှီးသူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များ အသိအလိမ္မာတိုးအောင် စာပေဖတ်ရှုကြရန်၊ စာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုး‌ရန်နှင့် စာဖတ်ရှိန်မြင့်မားအောင် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက “ စာပဒေသာ ဝေဆာစေမည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကာ၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါပွဲတော်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ ဖျော်ဖြေပွဲ၊ လူငယ်စကားဝိုင်း၊ ဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဋိနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုပါထည့်သွင်း၍ နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)