၂ဝ၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာများရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာရှိခဲ့ပါသည်။ ယခုနှစ် ဇွန်လကုန်ပိုင်းလောက်မှစတင်၍ သာကေတမြို့နယ်အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့်သေဆုံးသည့်လူနာမရှိပါ။
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာ စသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့်အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားပါသည်။
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာ စသည့် မသန့်ရှင်းသည့်အစားအစာများကို မသုံးစွဲခြင်း။ FDA အသိအမှတ်ပြုသောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့်ရေ စသည့် သန့်ရှင်းသည့်ရေကိုသာသောက်သုံးခြင်း၊ အစားအစာများကို မစားသုံးမီနှင့် အိမ်သာမှအထွက်တွင် လက်ကိုဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျသန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့်ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ပွားမှုနည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ပါသည်။
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၆-၇-၂၀၂၄)