နေပြည်တော် ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အေလာ)မှ ကျောင်းသား ကျောင်းသူများက “အမျိုးသားစာပေယဉ်ကျေးမှုအမွေ” တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးပြီး “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” ဗီဒီယို Clip ပြသသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များကို ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ၊ ရသ ပညာရပ်အစုံကိုဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုအပ်ကြောင်းပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၁၅၀ နှင့် သုတရသစာအုပ်စာစောင်အုပ်ရေ ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အခြေခံပညာအထက်တန်း ကျောင်း(အေလာ)မှ “အမျိုးသားစာပေယဉ်ကျေးမှုအမွေ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ အလှူရှင်များက အခြေခံပညာအထက်တန်းကျောင်း (အေလာ)ကျောင်း စာကြည့်တိုက်အတွက် အလှူငွေများနှင့် သုတရသ စာအုပ်စာစောင်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိမ်းနောင်(လယ်ဝေး)က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများကစာပေဆွေးနွေးပွဲ (Book Club) ဆွေးနွေးနေမှု၊ ကျောင်းသား ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား ကျောင်းသူများ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
သီဆိုဖျော်ဖြေ
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (အေလာ)ခန်းမ၌ ကျင်းပရာ တာဝန်ရှိသူများက ပြိုင်ပွဲများတွင်ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သဲကောကြီး ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်တည်ဆောက်ရန် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်