နေပြည်တော် ဇွန် ၂၇
၂၀၂၄ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်များအသင်းနှင့် အအေးပေးဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုနှစ်ကျရောက်သည့် အထိမ်းအမှတ်ဆောင်ပုဒ်မှာ “အပူချိန်ထိန်းညှိ နည်းပညာတိုးတက်ရေး အလေးထားဆောင်ရွက်ပေး” “Temperature Matters….Absolutely!” ဖြစ်ကြောင်း၊ ခေတ်မီအပူချိန်ထိန်းညှိနည်းပညာသည် စွမ်းအင်ချွေတာခြင်းနှင့် ထိရောက်စွာအသုံးပြုခြင်း သာမက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းစေသည့်အတွက် အပူပေး သို့မဟုတ် အအေးပေး ပစ္စည်းများထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ၎င်းနည်းပညာကို အသုံးပြုခြင်းသည် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် အအေးပေးနည်းပညာနှင့် သက်ဆိုင်သောလုပ်ငန်းများတွင် တိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ အမီလိုက်ပြီးတွေးခေါ်နိုင်သည့် ပညာရှင်များအားအလုပ်ခန့်ထားရန်၊ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင်လည်း နည်းပညာရပ်အသစ်များ သင်ကြားပေးရန်နှင့် အအေးပေးနည်းပညာလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးဖန်တီးပေးရန် အထူးပင်လိုအပ်ကြောင်းနှင့် အနာဂတ်တွင် အပူချိန်ထိန်းညှိနည်းပညာတိုးတက်စေရန်၊ တိုးတက်လာသည့် နည်းပညာများကို အစဉ်လေ့လာပြီး အိုဇုန်းလွှာနှင့် ရာသီဥတုစနစ်မထိခိုက်စေရေး စနစ်တကျအသုံးချနိုင်ရန်အတွက် မိမိတို့ဌာနဆိုင်ရာများသာမကလုပ်ငန်းရှင်များနှင့် ပြည်သူလူထုမှအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကို ကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်