နေပြည်တော် ဇွန် ၂၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် နေပြည်တော်ကောင်စီရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ဆေးဝါးကုသပေးမှု၊ ဓာတ်ခွဲစစ်ဆေးပေးမှုနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် ယနေ့တွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာ ဆေးဝါးကုသမှု စုစုပေါင်း ၂၃၇ ဦးအနက် ဓာတ်ခွဲစစ်ဆေးမှု ၁၀၆ ဦး၊ နှလုံးအတွက် ECG စစ်ဆေးခြင်း ၂၈ ဦးတို့ကို ဆောင်ရွက်ပေးသည်။
လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ် မေလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၃၁၄၉၈ ဦးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၆ ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၅ ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၅ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် နေပြည်တော်ရှိ ဝန်ကြီးဌာနများ၊ အလုပ်ဌာနများရှိ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများကို ဇွန် ၂၀ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များတွင်လည်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်