Skip to main content

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်ကျင်းပ

နေပြည်တော် ဇွန် ၂၇

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် “ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်”ကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများသည် နိုင်ငံ၏ အရေးပါသောကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေရသည့်အပြင် မိသားစု၏တာဝန်များကိုလည်း တာဝန်ယူဆောင်ရွက်နေကြသူများဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသဖြင့် နိုင်ငံ၏ ကြီးမားသောအင်အားစုဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများ ကျန်းမာကြံ့ခိုင်စေရန်အတွက် နေ့စဉ်ကျန်းမာရေး အလေ့အကျင့်ကောင်းများကို ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ အားကစားနည်းပြများက ဦးဆောင်၍အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်