Skip to main content

ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ သင်တန်းသား သင်တန်းသူများ နေပြည်တော်- တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်လေ့လာ

နေပြည်တော် ဇွန် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်လေ့လာကြသည်။

ဖျော်ဖြေတင်ဆက်

ဦးစွာ ပင်မအဆောက်အအုံ Audit-orium ခန်းမတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “နုပျိုဆန်းသစ် (၇၈)နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို ဆက်လက်ပြသသည်။ ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ယွန်းပညာကောလိပ်မှ သင်တန်းသူခြောက်ဦးက “ပုဂံမုဒြာ” အကဖြင့်လည်းကောင်း၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ သင်တန်းသူ ၁၆ ဦးက “လက်ခတ်သံ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်စမ်းနှင့် ကထိကဒေါ်ဆွေဆွေမြင့်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဌာနအမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသား သင်တန်းသူများသည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ News Channel Studio တွင် သတင်းထုတ်လွှင့်မှုများနှင့် Virtual Studio တွင် တိုင်းရင်းသားအစီအစဉ်ရိုက်ကူးမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ထို့နောက် Office Canteen တွင် နေ့လယ်စာအတူတကွသုံးဆောင်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် လေ့လာကြရာ ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရာ၌ အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအပေါ် သိရှိလိုသည်များ မေးမြန်းကြရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

အမှတ်တရလက်ဆောင်များပေးအပ်

ဆက်လက်၍ ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာအဖြေလွှာများ၌ သင်တန်းသား သင်တန်းသူများ၏ ဖြည့်စွက်မှုများအား စိစစ်၍ ပြည့်စုံစွာ ဖြေဆိုသူနှစ်ဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် လေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်