နေပြည်တော် ဇွန် ၂၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် ဥက္ကံမြို့ရှိ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွား ရိပ်သာ၊ တိုက်ကြီးမြို့ပေါ်ရှိ တိုက်ကြီး မြို့မရဲစခန်းအချုပ်ခန်း၊ တိုက်ကြီးခရိုင် တရားရုံးအချုပ်ခန်းနှင့် မြို့နယ်တရားရုံး အချုပ်ခန်းများသို့ ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဥက္ကံမြို့ရှိ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာကို ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများကို အိပ်ဆောင်များ၌ သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် စားဖိုဆောင်များကို ကျန်းမာရေးနှင့် ညီညွတ်အောင်ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
တိုက်ကြီးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ ခရိုင်တရားရုံးအချုပ်ခန်းနှင့် မြို့နယ်တရားရုံးအချုပ် ခန်းတို့ကို ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ်ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း နေထိုင်စားသောက်ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲ မှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု စစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။
သတင်းစဉ်