နေပြည်တော် ဇွန် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)တို့မှ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ လေ့လာရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ယွန်းပညာကောလိပ် (ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)တို့မှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ချိတ်ဆက်ဆောင်ရွက်
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယွန်းပညာကောလိပ် (ပုဂံ) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းကာလ နှစ်နှစ်ပြီးဆုံးပါက ယွန်းပညာဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းမီသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)တို့သို့ ပေါင်းကူးတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်မည့်သူများအနေဖြင့်လည်း ပုဂံ-ညောင်ဦးဒေသရှိ မြန်မာ့ရိုးရာယွန်းလုပ်ငန်းများတွင်လည်းကောင်း၊ ကိုယ်ပိုင်ယွန်းလုပ်ငန်းရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံသို့တက်ရောက်နေသော ကျောင်းသား ကျောင်းသူ များအနေဖြင့်လည်း ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာတစ်နှစ်သင်တန်းကို တက်ရောက်ခွင့်ရကြမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသွားပါက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းသင်တန်းကျောင်းများ၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံကြီးများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့၏ သင်တန်းဆိုင်ရာ Video Clip ကို ပြသသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယွန်းပညာကောလိပ်မှ ကျောင်းသား ကျောင်းသူများ၏ ယွန်းနည်းစဉ်ပြုလုပ်ပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြသခြင်းကို လိုက်လံကြည့်ရှုအားပေးသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ဝင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းသူလေးများက ပုဂံမုဒြာအကဖြင့်လည်းကောင်း၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) မှ ကျောင်းသူလေးများက မင်္ဂလာပါနှင့် လက်ခတ်သံတေးသရုပ်ဖော်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက ပြည်ထောင်စုဝန်ကြီးထံ ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အလှူငွေများလှူဒါန်း
အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် (ဗုဒ္ဓဂယာ) မဟာဗောဓိစေတီတော်ကြီးအတွင်းရှိ ရုပ်ပွားတော်မြတ်အားဖူးမြော်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြကာ သတ္တသတ္တာဟခုနစ်ဌာနဖြစ်သည့် မဟာဗောဓိပင်နှင့် ရွှေပလ္လင်တော်၊ အနိမိသကုန်းတော်၊ ရတနာစင်္ကြံတော်၊ ရတနာဃရရွှေစံအိမ်၊ အဇပါလဆိတ်ကျောင်းညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတနလင်းလွန်းပင်တို့ကို လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ထို့အတူ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) သို့ သွားရောက်၍ သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှု၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်ရေးအစီအစဉ်များကို လိုက်လံကြည့်ရှုလေ့လာပြီး လေ့လာရေးအဖွဲ့များ၏ ပုဂံမုဒြာအက၊ မင်္ဂလာပါနှင့် လက်ခတ်သံတေးသရုပ်ဖော်အကများကို မှတ်တမ်းတင်ရိုက်ကူးကြသည်။
သွားရောက်လေ့လာ
ယင်းနောက် အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်း၊ ပန်းချီ၊ မြို့ဟောင်းပုံစံငယ်များ၊ ပလ္လင်နှင့် နန်းသုံးပစ္စည်းများ၊ လက်မှုအနုပညာများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာပေးရေး အစီအစဉ်များကို သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်