မော်လမြိုင် ဇွန် ၂၅
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ နယ်မြေခံလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်ကြားပေးသည့် အတတ်ပညာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် ဆောင်ပုဒ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး စစ်သားကောင်းတစ်ယောက်ဖြစ်အောင် စိတ်ရောကိုယ်ပါလေ့ကျင့်သင်ကြား ကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) သင်တန်း၊ သင်တန်းသားများအတွက် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
သက်နိုင် (မော်လမြိုင်)