Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်အားပေး

မြစ်ကြီးနား ဇွန် ၂၅

ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေကို ဖတ်ရှုလေ့လာပြီး စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်နှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ထို့နောက် ပွဲတော်ကို ဘင်ခရာအဖွဲ့၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မူလတန်းကလေးငယ်များက “ပြည်ထောင်စုအင်အား” တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချူပ်က အမှာစကားပြောကြားရာတွင် နိုင်ငံသားများ ပညာဗဟုသုတကြွယ်ဝစေရေး အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်ရန် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံနှင့်တစ်ဝန်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်အကြီးအကဲက အလေးထားလမ်းညွှန်၍ နိုင်ငံတော်၏ မူဝါဒအဖြစ်အကောင်အထည်ဖော်လျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့်လည်း ယခုလိုပွဲတော်များကို အလေးအနက်ထား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတွင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို လက်လှမ်းမီဖတ်ရှုနိုင်ရန် ရပ်ကွက်/ ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များသည် အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့ကချင်ပြည်နယ်အတွင်းမှာလည်း ယခင်က ရပ်ကွက်/ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ပေါင်း တစ်ရာ့ရှစ်ဆယ်ကျော်ရှိခဲ့ရာမှ ယခု (၆၅) တိုက်သာ ကျန်ရှိတာကို တွေ့ရှိပါကြောင်း၊ ဒီလို စာကြည့်တိုက်များ ရပ်နားထားမှုများကို ပြည်လည်ဖွင့်လှစ်နိုင်ရေးနှင့် စာကြည့်တိုက်အသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်‌ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ ပွဲတော်များကိုလည်း (၄) ကြိမ် ကျင်းပပြုလုပ်ရန် စီမံထားပြီး (၂၀-၆-၂၀၂၄) ရက်နေ့တွင် မိုးကောင်းမြို့မှ ကျင်းပခဲ့ပြီး ယနေ့ပွဲသည် ဒုတိယအကြိမ်မြောက် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ကျောင်း၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ဝိုင်းများ၊ စုပေါင်းဆွေးနွေးခြင်းများ၊ ဉာဏ်စမ်းပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းဖြင့် ဗလငါးတန်ဖြင့် ပြည့်ဝသော အနာဂတ်လူငယ်များ ဖြစ်လာစေမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းသားကလေးများက ဒေဝစ္ဆတာအငြိမ့်အကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတရသစာအုပ်စာစောင်များကို ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာအုပ်စာစောင်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပွဲတော်တွင် ပါဝင်ပေးကြသည့် အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့တို့အတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အလိုက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးပြဘုတ်များကိုလည်းကောင်း၊ ကျောင်းစာသင်ခန်းများအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်း ကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပြုလုပ်လျက်ရှိသော ဉာဏ်စမ်းပဟေဠိ၊ စကားပုံဆက်၊ ဘောလုံးကန်၊ မျှားပစ်၊ ခါးကွင်းလှည့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေမှုများကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသားလူငယ်များ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်