နေပြည်တော် ဇွန် ၂၄
လယ်ဝေးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အေလာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (အေလာ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရာက်လာကြသည့် မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်လွင်က လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရာခိုင်နှုန်း၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများ နှင့် မြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေ မှုအခြေအနေများကိုလည်းကောင်း၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း (အေလာ) ၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကိုလည်းကောင်း၊ အေလာအုပ်စုအတွင်းရှိ အောင်စက်မှုလက်မှု၊ စပါးနှင့်ပဲမျိုးစုံ ခြွေလှေ့စက်ထုတ်လုပ်သည့် စက်ရုံမှခြွေလှေ့စက်များ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မှာကြား
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ပျံချီကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျေးရွာအုပ်စုများမှ တောင်သူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြ ရန်မှာကြားပြီးတောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ဂုဏ်မင်းအိုင်ကျေးရွာ ဂုဏ်မင်းအိုင်ကျောင်းတိုက် အေးငြိမ်းချမ်းသာ သဘာဝတရားစခန်းရိပ်သာ ဆရာတော်ဘဒ္ဒန္တပညာသီရိအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အဆိုပါသဘာဝတရားစခန်းရိပ်သာ၌ တည်းခိုနေထိုင်ပြီး အခြေခံပညာကျောင်းများတွင် တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်