နေပြည်တော် ဇွန် ၂၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ)သို့ ရောက်ရှိပြီး ရေအိမ်သုံးပစ္စည်းများနှင့်ပန်းကန်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက် ကောင်းမွန်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆကြိုးစားဆောင်ရွက်ရန်၊ ရေအိမ်သုံးပစ္စည်းများနှင့် ပန်းကန်ထုတ်လုပ်သည့် နည်းစဉ်များနှင့်ပတ်သက်၍ အမြဲတမ်းဖွံ့ဖြိုးတိုးတက်မှုရှိအောင် လေ့လာဆည်းပူးကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်၍ ကျော်လွှားနိုင်ရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို့ ရောက်ရှိရာ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စက်ရုံမှူးကစက်ရုံ ဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမဆိုသည်မှာ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်တူကိုယ်တူဖြင့် အောင်မြင်အောင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ လိုအပ်ချက်အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ချည်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပိတ်များရက်လုပ်နေမှုနှင့် ပိတ်များကိုဆေးဆိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အစည်းအဝေးခန်းမ၌ စက်ရုံရှိ အရာထမ်းများနှင့်တွေ့ဆုံ၍ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေ ခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ် နိုင်ရေးစီမံဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ နိုင်ငံတကာတွင် ဆောင်ရွက်နေ သည့် ချည်ထုတ်လုပ်ခြင်း၊ ဆေးဆိုးခြင်းနည်းပညာ များကို အစဉ်အမြဲလေ့လာရန်၊ စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး)သို့ သွားရောက်ကြည့်ရှုပြီး ဝါကြိတ်စက်များ အဆင်သင့်လည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဖြစ်၍ ချည်များ၏ အရည်အသွေးကောင်းမွန်စေရေးအတွက် ရွေးငါးရွေးဖြင့် ဆောင်ရွက်ရန်မှာကြားပြီး ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်များဖြင့် ဝါများကြိတ်ခွဲနေမှု၊ လွှသွား ပါဝါကြိတ်စက်ဖြင့်ကြိတ်ခွဲနေမှုနှင့် လင်တာဂွမ်းထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်