Skip to main content

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၃) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၄

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards-Dip IPSAS) အမှတ်စဉ် (၁) အပိုင်း (၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှတာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က သင်တန်းသားများအနေ ဖြင့် လေ့လာသင်ယူခဲ့ရသည်များကို လုပ်ငန်းခွင်တွင် လက်တွေပြန်လည်အသုံးချနိုင်ရေးအတွက် သင်ခန်းစာများကို ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်၊ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးအစီရင်ခံ မှု ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် စာရင်းကိုင်စနစ် ပိုမို တိုးတက် ကောင်းမွန်လာစေရန် မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များကို ဆင့်ပွားမျှဝေပေးကြရန်၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အချင်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့်ဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်း ကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် IPSAS စာရင်းစံ ၁၈ ခုကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကထိကသုံးဦးကလည်းကောင်း၊ IPSAS စာရင်းစံများကို အသုံးပြု၍ နိုင်ငံပိုင်ကဏ္ဍစာရင်းများ လက်တွေ့အကောင်အထည်‌ဖော်ဆောင်ရွက်မှုကို ငွေတိုက်ဦးစီးဌာနမှ ကထိကကလည်းကောင်း သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၁) နှင့် (၂) သင်တန်းအောင် မြင်ပြီးမြောက်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၁၄ ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား ၄၀ စုစုပေါင်း ၅၄ ဦးတို့ကို သင်တန်းကာလ ၅ လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး အပိုင်း (၃) သင်တန်းအောင် မြင်ပြီးသူများကို ဒီပလိုမာလက်မှတ် ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်