နေပြည်တော် ဇွန် ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်သို့ရောက်ရှိပြီး ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်း၏ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုဆေးရာကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမ အသင်းအမှုဆောင်များက အသင်း၏ရည်မှန်းချက်များ၊ ရေတင်ဧရိယာ ၃၄၈ ဧက၌ နှစ်စဉ်ငါးသားပေါက်များထုတ်လုပ်နိုင်မှု၊ အုပ်ချုပ်ရေးကန်နှင့် ထုတ်လုပ်ရေးကန်များတွင် ငါးမွေးမြူထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ကြည့်ရှုစစ်ဆေး
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငါးမွေးမြူရေးကန်များအားလုံး နေရာအလွတ်များ မကျန်ရှိအောင် မွေးမြူသွားရန်နှင့်ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်မှာကြားပြီး ငါးမွေးမြူထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့မြို့တော်ခန်းမ၌ကျင်းပသည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များ ဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုသည် အလွန်အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထွက်ရှိသောဝါမှာ နိုင်ငံအတွင်းချည်လိုအပ်ချက်အတွက် ပြည့်မီသည်ကို တွေ့ရှိရသော်လည်းချည်နှင့် အထည်များကို ပြည်ပမှတင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့တင်ပို့ရောင်းချနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန်အတွက် လိုအပ်သောနည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး
ဝါစိုက်တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးရေး၊ စိုက်ပျိုးမြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်း အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါဆွတ်ခူးချိန်တွင်လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့် ရှိသည့်အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများသိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျ ဆွတ်ခူးထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေး၊ ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိကချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တောင်သူအသိ ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားကာ ဝါစိုက်တောင်သူများ၏ တင်ပြချက်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း မြို့နယ်တို့ရှိ သမဝါယမအသင်း ၁၈ သင်း၊ အသင်း သားဦးရေ ၈၄၁ ဦးတို့ ဝါစိုက်ဧက ၂၃၁၅ ဧကတွင် စိုက်ပျိုးရန်အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစုဓာတ်မြေဩဇာများကို အသင်းသားတောင်သူများလက်ဝယ်သို့ပေးအပ်ပြီး ရွှေဝါထွန်းကောက်စိုက်စက်များ ခင်းကျင်းပြသထားမှုနှင့် စွမ်းရည်သီးနှံမျိုးစုံ အရွယ်စုံသုံးတီကျစ်ရွက်ဖျန်းအားဆေးရည်နှင့် ဇီဝတီကျစ်မြေဩဇာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်