နေပြည်တော် စက်တင်ဘာ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီး ၅ ပါးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ဆံတော်တိုက် အဝင်/အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေပိန်းချနံရံများအား Polycarbonate မှန်တပ်ဆင်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော သံဃာတော်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွမ်းစီကျောင်းတိုက်(ဗုဒ္ဓမြတ်စွယ်တော်ကျောင်း)မှ ကျောင်းထိုင် ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီးငါးပါးအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လင်ကွမ်းစီကျောင်းတိုက်(ဗုဒ္ဓမြတ်စွယ်တော်ကျောင်း)မှ ကျောင်းထိုင်ဆရာတော်နှင့် တာဝန်ရှိသူများက ဆံတော်တိုက် အဝင်/အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေပိန်းချနံရံများအား Polycarbonate မှန်တပ်ဆင်လှူဒါန်းခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။ ယင်းနောက် လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော်က ဝမ်းသာပီတိစကားမိန့်ကြားပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်တိုက်အသစ်တည်ဆောက်ရန်အတွက် အလှူငွေယွမ် ၁၀၀၀၀ အား လှူဒါန်းရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက်လင်ကွမ်းစီကျောင်းတိုက်(ဗုဒ္ဓမြတ်စွယ်တော်ကျောင်း)မှ ကျောင်းထိုင်ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီးငါးပါးတို့သည် မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးကုန်းမြေရှိ မဟာဝိဇယမင်္ဂလာဓမ္မသဘင်သို့ကြွရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများအား တွေ့ဆုံဖူးမြော်ကြည်ညိုကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်အပူဇော်ခဲ့မှုအခြေအနေများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်လျှောက်ထားဆွေးခဲ့ကြကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။
အဆိုပါ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း)မှ ဗုဒ္ဓမြတ်စွယ်တော်အား ၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင်အပူဇော်ခံခဲ့ကြောင်း သတင်းရရှိသည်။