Skip to main content

မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များ၏အကူအညီဖြင့် ခေတ်မီနည်းစနစ်များဖြင့် တီထွင်ပြီး မဲစာရင်းများကို စနစ်တကျ ပြုစုဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပထမအကြိမ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့်ဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်းပြီး အတွေ့အကြုံကောင်းများ၊ အထောက်အကူကောင်းများရရှိခဲ့ကြကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့်ဝန်ထမ်းများ၏ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံဉာဏ်များကို ရယူပြီး မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ထပ်မံဖြည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများကို သမားရိုးကျနည်းလမ်းများဖြင့်သာ ရေးသွင်းပြုစုခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြုစုခြင်းကို ကွန်ပျူတာဆော့ဝဲလ်နှင့် စတင်အသုံးပြုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်ပအကူအညီရယူ၍ မဲစာရင်းများကို ဆော့ဝဲလ်စနစ်ဖြင့်ရေးဆွဲရန် ကြိုးစားခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ကြောင်း၊ လက်ရှိတွင်ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များ၏အကူအညီဖြင့် ခေတ်မီနည်းစနစ်များဖြင့်တီထွင်ပြီး မဲစာရင်းများကို စနစ်တကျပြုစုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲကို ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်