မြန်မာနိုင်ငံတွင် ရေမြေတောတောင်သဘာဝအလှအပများ များပြားစုံလင်စွာ တည်ရှိသည်။ ဒြပ်မဲ့/ဒြပ်ရှိ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကိုလည်း စုံလင်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ထို့အပြင်နှစ်ပေါင်းထောင်ချီ တည်တံ့နေဆဲဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ယူနက်စကိုက အသိအမှတ်ပြုထား ပြီး/မပြုရသေးသော ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများလည်း များစွာရှိသည်။ အဆိုပါအမွေအနှစ်များသည် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာများ ဖြစ်သည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်မှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လာရောက်သည့် ခရီးသွား ၂ သိန်း ၃ သောင်းကျော်နှင့်နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက်လာသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပထမငါးလအတွင်း ပြည်ပခရီးသွားဧည့်သည်လာရောက်မှုသည် ၅ သိန်း ၂ သောင်းခန့်ရှိသည့်အတွက် ယခင်နှစ်အလားတူကာလအတွင်း ခရီးသွားလာရောက်မှု ၃ သိန်း ၁ သောင်းကျော်နှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း သိသိသာသာ တိုးတက်လာသည်ကိုတွေ့ရသည်။
အဆိုပါအခြေအနေသည် အိမ်နီးချင်းအရှေ့ဘက်နိုင်ငံများ၏ ပြည်ပခရီးသွားဧည့်သည် လာရောက်သည့် အခြေအနေများထက် လျော့နည်းသည်ဆိုသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအခြေအနေများအရ တိုးတက်မှုရှိသည်ဟုဆိုနိုင်သည်။ အဆိုပါတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်မီလာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည်ပြည့်မီနိုင်ရေး အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားကဏ္ဍအလိုက် ကြုံတွေ့နေရသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့် ခရီးစဉ်ဒေသအလိုက် ကောင်းမွန်သည့် ဝန်ဆောင်မှုများ အဆင့်အတန်းမြင့်မား တိုးတက်လာရေးအတွက် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်နေပြီဖြစ်သည်။
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၃ ဘီလီယံရှိပြီး အဆိုပါခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ရရှိခဲ့သည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေထက် တိုးတက်မှု ကျော်လွန်သွားမည့် အလားအလာများ မြင်တွေ့နေရသည်ဟု ခန့်မှန်းထားသည်။ ထိုသို့ရလဒ်ကောင်းပေါ်ထွက်စေသည့် အဓိကအချက်မှာ ပြင်းပြသည့်ခရီးသွားလိုအင် ဆက်လက် တိုးတက်ဖြစ်ပေါ်နေမှု၊ လေကြောင်းပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာမှုနှင့် ဗီဇာအစရှိသည့် ဝန်ဆောင်မှုများ လွယ်ကူချောမွေ့စေရန် ဖြေလျှော့ပေးထားမှုများကြောင့်ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ခရီးသွားဧည့်သည်များဝင်ရောက်မှု တိုးတက်လာစေရန်အတွက် ဈေးကွက်ရှာဖွေမြှင့်တင်ရေး နည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေးချေ ရာတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြင့်ဆောင်ရွက်ရန်၊ ခရီးသွားနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူအဆင်ပြေစေရန် ကာလရှည် ရည်မှန်းချက်ဖြင့်ဆောင်ရွက်ရန်၊ ဒေသထွက်အစားအသောက်များနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အဆင့်မီဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားရမည်ဖြစ်သည်။
လက်ရှိတွင် အဓိကခရီးစဉ်ဒေသများကို လာရောက်ရာ၌ အချက်အချာကျသည့် ကျိုင်းတုံ၊ တာချီလိတ်၊ ပုသိမ်စသည့်မြို့များရှိ လေဆိပ်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများ အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့များက ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဓိကခရီးသွား ဈေးကွက်ဝင်နိုင်ငံများနှင့် အလားအလာရှိသည့်နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရန် ပြည်ဝင်ဗီဇာ လွယ်ကူချောမွေ့စေရေး ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးသွား ဧည့်သည်များအကြား နိုင်ငံတကာခရီးစဉ်အဖြစ် မြှင့်တင်ဖော်ဆောင်သွားရန် ဆောင်ရွက်လျက်ရှိသည်။
မကြာမီကာလတွင် နေပြည်တော်၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ရည်ရွယ်ချက်ကောင်းများစွာဖြင့် ကျင်းပမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၊ ခရီးသွားဧည့်သည်များ ကြိုတင်သိရှိနိုင်ပြီး စိတ်ဝင်စားမှုမြင့်မားလာစေရန်အတွက် ဖိတ်ခေါ် အသိပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။